အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၅) ကျင်းပ
အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအစည်းအဝေး (၂/၂၀၂၅) ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၈
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အစည်းအဝေး (၂/၂၀၂၅) ကို ယနေ့၊ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ် (၄၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မှုရာခိုင်နှုန်းမှာ ၂၀၂၂ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၇၅.၆ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ရာခိုင်နှုန်းတိုးမြှင့်ခဲ့ခြင်းမှာ Category C မှ Category B သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း၊ လုပ်ငန်းအဖွဲ့များ၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ မြေပြင် ဆောင်ရွက်မှုနှင့် အချက်အလက်ဖော်ပြချက်များအား စဉ်ဆက်မပြတ် အကဲဖြတ်ဆန်းစစ်သွားရန် လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ်၏ ထူးခြားချက်အနေဖြင့် အဖွဲ့ဝင်နိုင်ငံအများစုမှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် သဘောတူစာချုပ်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပူးတွဲကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အမှာစကား ပြောကြားရာတွင် ကော်မတီအစည်းအဝေးများကို ၁၇-၅-၂၀၁၇ ရက်နေ့မှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန (၂) ခုမှ (၆) လလျှင် တစ်ကြိမ် အလှည့်ကျဦးဆောင်ကျင်းပခဲ့ရာ ယခုအစည်းအဝေးသည် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက်ပြုလုပ်သောအစည်းအဝေးဖြစ်ပါကြောင်း၊ လုပ်ငန်းတိုးတက်မှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် ဇူလိုင်လအတွင်း Measures (၃) ခု ထပ်မံအကောင်အထည်ဖော်ပြီးစီးခဲ့သည့် အတွက် WTO Website တွင်ဖော်ပြထားသော မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု ရာခိုင်နှုန်း (Implementation Rate) သည် ၆၄.၇ ရာခိုင်နှုန်းမှ ၇၅.၆ ရာခိုင်နှုန်းသို့ တိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အသီးသီးမှ WTO Trade Facilitation Agreement ၏ အစီအမံများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုးတက်မှုအခြေအနေများနှင့် ယခင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)တွင် ချမှတ်ခဲ့သောအစည်း အဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကော်မတီအစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ အောက်ရှိ လုပ်ငန်းအဖွဲ့ (၄) ဖွဲ့မှ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြခဲ့ကြပြီး ကော်မတီ ဝင်များ၏ဆွေးနွေးမှုများအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကော်မတီပူးတွဲဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် အစည်းအဝေးတွင် အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်ပြီး အကြံပြုချက်များဖြင့် လုပ်ငန်းအလိုက် ပြီးစီးရမည့် ရက်အလိုက် သတ်မှတ်ထားပြီးဖြစ်သဖြင့် ၎င်းကာလသတ်မှတ်ချက်များအတိုင်း လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်းက နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ်ပါ အစီအမံအများစုကို ရာနှုန်းပြည့် ပြီးစီးသော်လည်း စဉ်ဆက်မပြတ် ဆက်လက်သုံးသပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အာဆီယံဒေသတွင်းကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းသည် သဘောတူစာချုပ်အား အကောင် အထည်ဖော်မှုကို မြှင့်တင်ရာရောက်ပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
