ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် First World Public Assembly on New World of Conscious Unity သို့ တက်ရောက်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့်
First World Public Assembly on New World of Conscious Unity သို့ တက်ရောက်
နေပြည်တော် စက်တင်ဘာ၂၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ သည့် First World Public Assembly on New World of Conscious Unity သို့ တက်ရောက်ခဲ့ ပါသည်။
ညီလာခံအား စက်တင်ဘာ ၂၁ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ (International Day of Peace) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ ညီလာခံ ပထမနေ့ဖြစ်သော စက်တင်ဘာ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင်ကျင်းပသည့် ညီလာခံဖွင့်ပွဲအခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး Mr. SERGEY GLAZYEV ၊ Commonwealth of Independent States (CIS) အတွင်းရေးမှူးချုပ် Mr. SERGEY LEBEDEV ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသတို့မှ ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ပါသည်။
ညီလာခံတွင် တက်ရောက်လာကြသူများက အဖွင့်အမှာစကားများ ပြောကြားကြရာတွင် ယနေ့ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများတွင် ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု (Corporate Social Responsibility – CSR) သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများတွင် အဓိကကျသောအချက်ဖြစ်လာရာ ယင်းဆောင်ရွက်ချက်များတွင် ကမ္ဘာနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၌ သံခင်းတမန်ခင်းကဲ့သို့သော ငြိမ်းချမ်းစွာညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်မည့် အရည်အသွေးများ မြင့်တက်လာမှုကို ဦးတည်ဆောင်ရွက်လာကြကြောင်း၊ ယင်းသို့ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ပြည်သူများအကြား ယုံကြည်မှုကို တည်ဆောက်လာနိုင် မည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုညီလာခံတွင် ကမ္ဘာအရပ်ရပ်မှ ပညာရှင်များနှင့် အတွေ့အကြုံရင့်ကျက်သူများက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ခိုင်မာအားကောင်းသော ပလက်ဖောင်း တစ်ခုကို ဖန်တီးတည်ဆောက်နိုင်မည့်နည်းလမ်းများအား ကမ္ဘာ့ပြည်သူများ၏အရေးကို မျှော်တွေး ၍ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးဖော်ဆောင်ကြမည်ဖြစ်၍ အကျိုးအလွန်များသော ညီလာခံ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Secretary General of the World Peoples Assembly ဖြစ်သူ Mr. Andrey Belyaninov နှင့် တွေ့ဆုံဆွေးနွေး ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပါသည်။
ညီလာခံဒုတိယနေ့ဖြစ်သော စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် Business Forum ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာရှ၊ အာဖရိက၊ ဉရောပနိုင်ငံများ၊ BRICS ၊ SCO များမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူတက်ရောက်ပြီး အခြားနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်း များမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ပြီး၊ ပြည်ထောင်စုဝန်ကြီးက ပြည်သူ များ၏ယုံကြည်မှုမှ စီးပွားရေးယုံကြည်မှုသို့ ပူးပေါင်းဆောင်ရွက်မှုအခြေခံအုတ်မြစ်များ၊ From People Trust to Economic Trust (Humanitarian Foundations of Partnership) ခေါင်းစဉ်ဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းများ၏ လူသားချင်းစာနာထောက်ထားမှုကိုအခြေခံသည့် လူသား များ၏ယုံကြည်မှုဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရေး၊ ယင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ် တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ရေးစသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
ထို့နောက် The Role of Business in Economic Integration amid Global Changes ခေါင်းစဉ်ဖြင့် Panel Session ကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံအချို့က ကမ္ဘာလုံး ဆိုင်ရာပြောင်းလဲမှုများကြားတွင် စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံများပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ ကျသောအကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအား ဆွေးနွေးဖော်ထုတ် ကြပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညီလာခံခန်းမကြီး၌ကျင်းပသည့် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံအား တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး၊ ညီလာခံသို့ နိုင်ငံပေါင်း (၁၅၀) ကျော်မှ လူထုအကြား ထင်ပေါ်ကျော်ကြားသည့်ပုဂ္ဂိုလ်များ၊ နိုဘယ် ဆုရပုဂ္ဂိုလ်များ၊ အစိုးရနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စား လှယ်များ၊ နိုင်ငံရေးသမားများ၊ သံတမန်များ၊ သိပ္ပံပညာရှင်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ် တို့မှ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အားကစားသမားများ၊ အာကာသယာဉ်မှူးများ၊ စွန့်ဦး တီထွင်လုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာမှ လူသိများသည့်သတင်းမီဒီယာ များမှ သတင်းသမားများ စုစုပေါင်း လူဦးရေ (၅,၀၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
စက်တင်ဘာv ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်သို့သွားရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဉက္ကဋ္ဌ Mr. SHOLBAN KARO-OOL သည် ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ၍ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်သည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကာဒူးမားလွှတ်တော်အတွင်းရှိပြတိုက်သို့သွားရောက်ကြည့်ရှုလေ့လာပါသည်။
ယင်းနောက် Russian Presidential Academy မှ Vice Rector ဖြစ်သူ Mr. Andrey Margolin ၏ဖိတ်ကြားမှုအရ ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဉက္ကဋ္ဌနှင့်အတူ Russian Presidential Academy of National Economy and Public Administration (RANEPA) သို့ သွားရောက်ခဲ့ပါသည်။ ယင်းတက္ကသိုလ်တွင် Master of Public Administration (MPA) သင်တန်းသို့ တက်ရောက်နေကြသည့် ကျောင်းသားများအား မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသည့် အခြေအနေများ (Economic Development of Myanmar) ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကျောင်းသားများမှ သိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြားပြီးနောက် တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ကျောင်းဆောင်များနှင့် အဆောက်အဦများအား လေ့လာကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်၊ ညပိုင်းတွင် မော်စကိုမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ စက်တင်ဘာလ ၂၃ ရက်၊ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
