ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်  စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး 

စစ်ကိုင်း  အောက်တိုဘာ ၁၈

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် စစ်ကိုင်း တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများလို လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ပေါ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ ငလျင် ဘေးဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မြန်မာ့စီးပွားရေးဘဏ်သည်  ခေတ်အဆက်ဆက်ကပင် ပြည်သူတို့အတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍ ပြည်သူတို့ယုံကြည်မှုကို ရရှိနေသည့် နိုင်ငံပိုင်ဘဏ်ကြီး တစ်ခုဖြစ်ကြောင်း၊  ထို့အတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်လည်း  တောင်သူလယ်သမားကြီးများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို စဉ်ဆက်မပြတ်ထုတ်ချေးပေးနေသည့် ဘဏ်တစ်ခုဖြစ်ကြောင်း၊ ထိုနည်းတူစွာပင် မြန်မာ့အာမခံလုပ်ငန်းသည်လည်း ရင်းနှီးမြှုပ်နှံမှုများအတွက် စိတ်ချရသည့် အာမခံထားရှိမှုများကို ယုံကြည်စိတ်ချစွာ ပံ့ပိုးဆောင်ရွက်ပေးနေသည့်ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ရငွေများ ပြည့်ပြည့်ဝဝရရှိအောင် ပံ့ပိုးဆောင်ရွက်ပေးနေသည့်ဌာနဖြစ်ကြောင်း၊  သို့ဖြစ်ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သည် ငွေရေးကြေးနှင့် အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူကိုဝန်ဆောင်မှုပေးနေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင် ရွက်ပေးနေသည့်ဝန်ကြီး ဌာနတစ်ခုဖြစ်ကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီးသည် ငလျင်ဒဏ်ကို အများဆုံးထိခိုက်ခံခဲ့ရ သည့်ဒေသကြီးဖြစ်၍ ဝန်ထမ်းများအနေဖြင့် ရုံးဌာနများ ထိခိုက်ပျက်စီးခဲ့ရာ ရုံးပြန်လည်ပြုပြင် တည်ဆောင်မှုလုပ်ငန်းများကြားမှပင် ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ကြိုးစား ဆောင်ရွက် ပေးခဲ့ကြ၍ အသိအမှတ်ပြုပါကြောင်း၊ ယင်းလုပ်ငန်းတိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်း၍ လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း၊ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သော ရုံး/အဆောက်အအုံများကိုလည်း အမြန်ဆုံး အရည်အသွေးပြည့်ဝစွာဖြင့် ပြန်လည်ပြင်ဆင်ကြရန်နှင့် ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ပြင်ဆင်နေမှု အခြေအနေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး၊ ခရိုင်ဘဏ်ခွဲသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့မှုအခြေအနေများနှင့် ပြန်လည်တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။         

                                               သတင်းစဉ်