မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ( ၂ / ၂၀၂၅ - ၂၀၂၆ ) အစည်းအ‌ဝေးကျင်းပ

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့

( ၂ / ၂၀၂၅ - ၂၀၂၆ ) အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ ၂၆

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ ၂၆ - ၁၀ - ၂၀၂၅  တွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအစည်းအဝေး၌ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ယခင်က PFI ဘဏ်များအဖြစ် နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ဆောင်ရွက် ခဲ့ရာ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာပိုမိုထုတ်ချေး နိုင်ရေးအတွက် PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ်များမှ ပါဝင်ဆောင်ရွက်ရေး၊ လက်ရှိအများဆုံး ထုတ်ချေးနိုင်သည့် ချေးငွေပမာဏသတ်မှတ်ချက် ကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၅၀၀အထိ တိုးမြှင့် ထုတ်ချေးရေး၊ ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်အကြီးများစက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင် ခြင်းများအတွက် ချေးငွေပမာဏ ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးရေး၊ အာမခံလုံလောက်စွာပေးနိုင် ခြင်းမရှိသည့် ဆီစက်လုပ်ငန်းရှင်များအတွက် ချေးငွေအာမခံစနစ် ( CGI ) ဖြင့် ချေးငွေရယူနိုင်စေရေး တို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီကာလတွင် PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် များပါဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများကို ပိုမိုကျယ်ပြန့်စွာတိုးတက်ထုတ်ချေး နိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

          ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူမှ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေများ ပိုမိုကျယ်ပြန့်စွာထုတ်ချေးနိုင်ရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ချေးငွေများထုတ်ချေးပြီးစီးမှုနှင့် အချိန်စေ့ငွေများကို ပြန်လည်ကောက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပါသည်။

          အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်နှင့်  ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာ နိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ 

သတင်းစဉ်