နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ကျင်းပ

ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၁

       နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ရုံးအမှတ်(၄၆)၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

         ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်အစီအစဉ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ (၆)ခုသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်အထိ ချေးငွေများ ထုတ်ချေးထားရှိမှု၊ ပြန်လည်ပေးဆပ်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ချေးငွေ အရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်မှု၊ ချေးငွေများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးနေမှု၊ ချေးငွေစာရင်းဇယားများကိုစနစ်တကျပြုစု၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ၏ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်ဆောင်ရွက်မှုနှင့် မှတ်တမ်းတင်ထားရှိမှု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် လိုက်နာဆောင်ရွက်မှု၊ ပြီးစီးမှုအခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးကြရန်ဖြစ်ကြောင်းပြောကြားသည်။
        ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က နွေစပါး၊ မိုးစပါးစီမံကိန်း၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်း၊ မွေးမြူရေးစီမံကိန်း၊ စိုက်ပျိုးရေရရှိရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိုးစပါးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုင်းဒေသကြီး/ပြည်ယ်များသို့ MSME ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးထားမှု အခြေအနေများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေက  သက်ဆိုင်ရာဝန်ကြီးဌာနများမှ နိုင်ငံတော်အတွက် ဝင်ငွေရှာဖွေပေးနိုင်မှုအခြေအနေများနှင့် လုပ်ငန်းလိုင်စင်ချပေးမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးပေးမှုအခြေအနေများနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကြွေးကျန်ကောက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးကြပါသည်။ 
         ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးက  (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုရှင်းလင်းတင်ပြပြီး၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထပ်မံထုတ်ချေးပေးပါရန် တင်ပြလာမှုကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။

         နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အကျိုးရှိရှိအသုံးပြုကာ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဦးတည်ချက် (၄)ရပ် အနက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဟူသော ဦးတည်ချက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 

 
                                                                                                                                                                                                  သတင်းစဉ်