အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၂/၂၀၂၅) ကျင်းပ

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၂/၂၀၂၅) ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ  ၂၂

         အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၆) ရှိ ပြည်တွင်း အခွန်များဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားသည်။

         အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
         ဦးစွာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစာရင်းအရ အသေးစားငွေရေးကြေးရေးကုမ္ပဏီများသည် တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုရှိ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများရှိ အသင်းဝင်ဦးရေ (၂.၈၄၂) သန်းသို့ အသေးစားငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလနောက်ပိုင်းမှစပြီး လုပ်ငန်းဆောင်ရွက်မှုပမာဏမှာ အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ မတ်လနောက်ပိုင်း ဧပြီလမှစ၍ လုပ်ငန်းများပြန်လည်ကောင်းမွန်လာကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးရည်ရွယ်ချက်ဖြင့်ဆောင်ရွက်သော လူမှုရေးအခြေ ပြုစီးပွားရေးဖြစ်ကြောင်း၊ သို့ရာတွင် လုပ်ငန်းကုန်ကျစရိတ်နှင့် ဝင်ငွေအခြေအနေကို ပြန်လည်စိစစ်ရာ၌ အသင်းဝင်များသို့ ချေးငွေထုတ်ချေးရာတွင် ရယူသည့်အတိုးနှုန်းမှာ ပတ်ဝန်းကျင်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အနည်းငယ် မြင့်မားနေသည့် အခြေအနေမျိုးဖြစ်ကြောင်း၊ အလားတူ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ် တဖြည်းဖြည်းမြင့်မားလာခြင်းသည်လည်း နည်းလမ်းရှာဖြေရှင်းရမည့် အခြေအနေဖြစ်ကြောင်း၊ မတည်ငွေရင်းကုန်ကျစရိတ်နှင့် လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များမှာ အနည်းငယ်မြင့်မားနေသည်ဟု သုံးသပ်မိသဖြင့် ကုန်ကျစရိတ်များလျှော့ချနိုင်ရေး သက်ဆိုင်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည်ဆိုပါက အသင်းသားများ ချေးယူငွေအပေါ်ကောက်ခံသည့်အတိုးနှုန်းကို သင့်လျော်သောနှုန်းထားတစ်ခုသို့ လျှော့ချပေးနိုင်မည့်အခြေအနေဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကျေးလက်ဒေသနေဝင်ငွေနည်းပြည်သူများ၊ MSME များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် ဘဏ်များမှ ငွေကြေးဝန်ဆောင်မှုရယူနိုင်မှု ကန့်သတ်ချက်ရှိနေဆဲအခြေအနေ ဖြစ်သည်ကို တင်ပြချက်များအရသိရကြောင်း၊ ယင်းသို့သော ကန့်သတ်ချက်များကို အသေးစား ငွေရေးကြေးရေးကုမ္ပဏီများမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း တရားမဝင်ငွေတိုးချေးစားမှုများ ပြန်လည်သက်ဝင်အာကောင်းမလာစေရေးကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME များမှတစ်ဆင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရန် ဦးတည်ဆောင်ရွက်နေမှုကို အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုမှ အသင်းဝင်တို့၏ လိုအပ်ချက်နှင့်အညီပေးအပ်နိုင်‌ရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသေးစားငွေရေး ကြေးရေးကုမ္ပဏီများနှင့် ယင်းကဝန်ဆောင်မှုပေးနေသော အသင်းဝင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ခြင်း (AML/CFT) ကိစ္စများဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို စနစ်တကျလိုက်နာရေး၊ Online Scam များ၏ တလွဲအသုံးချမှုမခံရစေရေးနှင့် Cyber Security အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုများသည် အသင်းဝင်များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူ‌ရေး၊ MSME ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအတွက် အမှန်တကယ်အထောက်အကူပြုရေးကို စေတနာထား၍ အလေးအနက်ထားဆောင်ရွက်ကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
         ဆက်လက်၍ ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အသေးစား ငွေရေးကြေးရေးကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအခြေအနေများ ပိုမိုတိုးတက်ကောင်း မွန်ရေး၊ ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်ကောင်းမွန်စေရေး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနများအနေဖြင့် အသေးစား ငွေရေးကြေးရေးကုမ္ပဏီများ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရေး၊ မတည်ငွေရင်းထပ်မံဖြည့်ဆည်းရန်လိုအပ်သည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီများအတွက် မတည်ငွေဖြည့်တင်းရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။
    ထို့နောက် ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်‌ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ အသေးစားငွေ‌ရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားသည့်ကုမ္ပဏီ (၂) ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရေး အသေးစားငွေ‌ငွေရေးကြေးရေးကုမ္ပဏီများ ပြည်တွင်းပြည်ပချေးငွေရယူခွင့်ပြုရေး အတည်ပြုရန်အချက်များဖြစ်သည့် အသေးစားငွေရေးကြေးရေး ကုမ္ပဏီများနယ်မြေတိုးချဲ့မှု၊ မတည်ငွေရင်းထည့်ဝင်မှု၊ အစုရှယ်ယာထည့်ဝင်မှုနှင့် ဒါရိုက်တာဘုတ် အဖွဲ့ပြောင်းလဲမှုအပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များအား ရှင်းလင်းတင်ပြပါသည်။
    ဆက်လက်၍ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးတည်ဆောက်မှုသင်တန်း များဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ 
    ထို့နောက်တက်ရောက်လာသူ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပြီး ဆုံးဖြတ်မှုများ ဆောင်ရွက်ကြပါသည်။ အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်းကုမ္ပဏီ (၁)ခု၊ ပြည်ပကုမ္ပဏီ (၁) ခု၊ အပ်ငွေလက်ခံခြင်း ဆောင်ရွက်ခွင့်ပြုသည့်ကုမ္ပဏီ (၂) ခု၊ မတည်ငွေတိုးမြှင့်ခွင့်ပြုသည့်ကုမ္ပဏီ (၃) ခု၊ ကော်ပိုရိတ် အသက်အာမခံကိုယ်စားလှယ်ခွင့်ပြုမှု (၂) ခု၊ နယ်မြေတိုးချဲ့သည့် ကုမ္ပဏီ (၄)ခုတို့အားခွင့်ပြု၍ အတည်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါသည်။                                                                            သတင်းစဉ်