ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့်

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ 

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဩဂုတ် ၂၂

     ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်ကြ သော မင်းထက်မင်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေး ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ မင်းထက်မင်းဆိပ်ကမ်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

     ရှင်းလင်းတင်ပြချက်များအပေါ်  ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အကောက်ခွန် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးချစ်ဆွေက နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့တင်သွင်းမှုများ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် မင်းထက်မင်းဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများ၊ ခေတ်မီသိုလှောင်မှုစနစ် (SILO) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။

     ထို့နောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ကုန်သေတ္တာများအား ဖြတ်သန်း စစ်ဆေးဆောင်ရွက်နေမှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးသည်။‌

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် (၁၄:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးချုပ်၊ ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပ‌ဒေ အမိန့်နှင့်ညွှန်ကြားချက်များအပေါ်  တိတိ ကျကျ လိုက်နာဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ လိုက်နာသွားရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကြရန် ပြောကြားခဲ့ပါသည်။

     ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်း အဝေးခန်းမတွင် (၁၄:၀၀) နာရီတွင် ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို အားသစ်၊ မာန်သစ်၊ ခွန်အားအပြည့်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ယခင်နှစ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားနည်းချက်၊ အာသာချက်များကို လက်ရှိအခြေအနေများဖြင့် နှိုင်းယှဉ်လေ့လာသုံးသပ်ပြီး လုပ်ဆောင်ကြရန်၊ နိုင်ငံဝန်ထမ်းများဖြစ် သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသော အမိန့်နှင့်ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိ၏အလုပ်အပေါ် အဂတိတရားကင်းကင်းဖြင့် မေတ္တာထားဆောင်ရွက်ပေးရန်၊ ဌာနအကြီးအကဲများအနေဖြင့် လက်အောက်ဝန်ထမ်းများအား မိမိထက်တော်သော ဝန်ထမ်းများဖြစ်အောင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးရန် မှာကြားခဲ့သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီး (Dry Port) သို့ ရောက်ရှိကြရာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးတို့က RG Dry Port အစည်းအဝေးခန်းမတွင် အကောက်ခွန် ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ KM နှင့် RG ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက အကောက်ခွန်ကုန်လှောင်ရုံ (Bonded Warehouse) ၌ EV လျှပ်စစ်မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းသိုလှောင်ထားရှိမှုများ၊ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ KM နှင့် RG ကုန် လှောင်ရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။