ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနများအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ
ဌာနများအား ကြည့်ရှုစစ်ဆေး ၍ ဝန်ထမ်းများနှင့်တွေ့ဆုံ
ရန်ကုန် ဩဂုတ် ၂၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ဒုတိယ ဝန်ကြီး ဦးဟန်ဝင်းအောင် နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဌာနအဖွဲ့အစည်းများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများအား မှာကြားပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ ကမ်းနားလမ်းနှင့် လသာလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အဆောက်အဦ အကြီးစားပြင်ဆင်နေသည့်နေရာသို့ ရောက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူတို့က ရုံးအဆောက်အဦပြင်ဆင်နေမှုအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက အဆောက်အဦအား မူလပုံစံမပျက်ဆောက်လုပ်ရန်၊ စံချိန်စံညွှန်းနှင့် အညီ ခိုင်ခံ့မှုရှိစေရေး ပြုပြင်တည်ဆောက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် အချိန်မီပြီးစီးရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ရုံးချုပ်)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရုံးချုပ်)၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့၌ ဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးမှာကြားပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဌာနများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အကောင်းဆုံး ပြည်သူ့ဘဏ္ဍာရေးဝန်ဆောင်မှုများပေးရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာဥပဒေများနှင့်ကိုက်ညီစေရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရေး၊ စာရင်းအချက်အလက်များ မှန်ကန်ကိုက်ညီစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရေး၊ ပြဌာန်းထားသောလုပ်ထုံးလုပ်နည်းများအတိုင်း ကိုက်ညီစေရေး၊ ပြည်သူလူထုက အားထားရသော ဌာန/အဖွဲ့အစည်းများ ဖြစ်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
