ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board - PLB) တွင် ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဝင်ရောက်ခြင်းနှင့် အစုရှယ်ယာ စတင်ရောင်းဝယ်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board - PLB) တွင်
ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဝင်ရောက်ခြင်းနှင့် အစုရှယ်ယာ စတင်ရောင်းဝယ်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၁၇
ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် G.B.S Agricultural Services Public Company Limited အစုရှယ်ယာများ စတင်ရောင်းဝယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်စတော့အိပ်ချိန်း ပင်မခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိပ်ချိန်းမန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ G.B.S Agricultural Services Public Company Limited မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အမှာစကား ပြောကြားသည်။
ထို့နောက် အစုရှယ်ယာများစတင်ရောင်းဝယ်ချိန် နံနက်(၁၀:၀၀)နာရီတိတိ၌ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်စတော့အိပ်ချိန်း မန်နေးဂျင်းဒါရိုက်တာ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး ဦးမင်းဇော်ဝင်း၊ ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးစိုးလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်အောင်တို့က စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာများမှတ်ပုံတင်ခြင်း အထိမ်းအမှတ်အဖြစ် အောင်ဇေယျတုခေါင်းလောင်းအား (၃)ကြိမ်စီတီးခတ်ကာ ဈေးကွက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို စာရင်းဝင်အကြိုဈေးကွက် (PLB)တွင် မှတ်ပုံတင်ခြင်းအတွက် အသိအမှတ်ပြုလက်မှတ်ပေးအပ်၍ အမှတ်တရဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
သတင်းစဉ်
