ကိုဗစ်-၁၉ အထူးချေးငွေ ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅)ကျင်းပ
ကိုဗစ်-၁၉ အထူးချေးငွေ ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅)ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
ကိုဗစ်-၁၉ အထူးချေးငွေ ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၄၆)ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့ရသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံသားပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော မြန်မာနိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းကြီးများသို့ စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် ချေးငွေများထုတ်ချေးနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လွှဲပြောင်းပေးသည့် ကျပ်(၂၁၄.၀၉၆) ဘီလီယံကို ၂၅-၁၀-၂၀၂၁ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် တွင် “ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်း” (OA-013830) ကို ဖွင့်လှစ်ထိန်းသိမ်း ထားရှိဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ၃၁-၅-၂၀၂၃ ရက်တွင် ကျပ် (၂၅.၈၂၁) ဘီလီယံကို ထပ်မံခွဲဝေရရှိခဲ့သဖြင့် စုစုပေါင်းရန်ပုံငွေ ကျပ် (၂၃၉.၉၁၇) ဘီလီယံ ရှိခဲ့ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့်စီးပွားရေးလုပ်ငန်းကြီးများသို့ ကိုဗစ်-၁၉ အထူးချေးငွေများထုတ်ချေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် “ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီနှင့် ချေးငွေစိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့” ဖွဲ့စည်းခဲ့ပြီး ချေးငွေများစိစစ်ထုတ်ချေးခဲ့ကြောင်း။
ယခင် ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ၁၄-၉-၂၀၂၂ ရက်တွင် နောက်ဆုံးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍသို့ ချေးငွေများထုတ်ချေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း။
ယခုအခါ “ကိုဗစ်-၁၉ အထူး ချေးငွေဦးဆောင်ကော်မတီနှင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့” တို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊
ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ကြောင်း၊ ၎င်းတို့အနက် အချို့ဌာနများမှာ ချေးငွေများ အပြေအကြေပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း၊ အချို့လုပ်ငန်းများမှာ ချေးငွေအရင်း၊ အတိုးများကို ပေးဆပ်လျက်ရှိသော်လည်း အချို့လုပ်ငန်းများမှာ ပြန်လည်ပေးဆပ်ရန် သက်တမ်းစေ့ရောက်ခြင်းမရှိသေးကြောင်းသိရှိရကြောင်း၊ သို့ဖြစ်ရာ ကိုဗစ်-၁၉ အထူး ချေးငွေရန်ပုံငွေမှ ချေးငွေများထုတ်ချေးထားရှိမှု၊ ပြန်လည်ကောက်ခံရရှိမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် အကျိုးသက်ရောက်မှုသုံးသပ်ချက် (Impact Analysis) လုပ်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေး မှူးက ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်းထူထောင်ခြင်းနှင့် ချေးငွေအပေါ်ဆောင်ရွက်ထားရှိမှုနှင့် ချေးငွေထုတ်ချေးမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ (၆)လတစ်ကြိမ် မှတ်တမ်းတင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ ချေးငွေထုတ်ချေးမှုများနှင့် ချေးငွေများအား ပြန်လည်ပေးဆပ်ရန်စေ့ရောက်သည့်အချိန်များတွင် ပြန်လည်ပေးဆပ်နိုင်ရေး ချေးငွေထုတ်ယူထားသောလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို အကြံပြုသုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
