ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ် အကောင်အထည်ဖော်စီမံဆောင်ရွက်သည့်ဌာန (Executing Agency-EA) (မြန်မာ့စီးပွားရေးဘဏ်) နှင့် PFI ပုဂ္ဂလိကဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆို
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ် အကောင်အထည်ဖော်စီမံဆောင်ရွက်သည့်ဌာန (Executing Agency-EA) (မြန်မာ့စီးပွားရေးဘဏ်) နှင့် PFI ပုဂ္ဂလိကဘဏ်များအကြား
ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးပွဲကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၂၂
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် (၁၄)ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၂-၁၁-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တက်ရောက်ပါသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွင်း စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနေသော ဆီစက်များအသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် ဘီလီယံ(၅၀)မတည် ထူထောင်ပေးခဲ့ပြီး (၁)နှစ်လျှင် အတိုးနှုန်း ၅% ဖြင့် ထုတ်ချေးလျက်ရှိပါ ကြောင်း၊ ယခင် က PFI ဘဏ် များအဖြစ် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တို့သာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် (၁၄)ဘဏ် ပါဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ချေးငွေပမာဏကိုလည်း ယခင်က ဆီစက်လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သိန်း ၃၀၀၀ ထိသာထုတ်ချေး ခဲ့ရာမှ ယခုကျပ်သိန်း ၅၀၀၀ အထိ တိုးမြှင့်ထုတ်ချေးခွင့်ပြု ထားပါကြောင်း၊ ဆီစက်အကြီးများ တည်ဆောက် တပ်ဆင်ခြင်းအတွက် ကျပ်သိန်း ၁၀၀၀၀ အထိ ထုတ်ချေးမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတစ်ဝှမ်းရှိ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး ရေးချေးငွေကို စနစ်တကျ ရယူ၊ ထုတ်ချေးခြင်းဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့် အရည်အသွေး မြင့်သောစားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်မည်ဖြစ်၍ နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲရမှု လျော့နည်းသက်သာစေမည် ဖြစ်ကြောင်း၊ အတ္တ၊ ပရမျှတစွာဖြင့် အကောင်းဆုံးဆောင်ရွက်စေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် ပုဂ္ဂလိက ဘဏ်(၁၄)ဘဏ်မှ တာဝန်ရှိသူများက သဘောတူညီချက်အား လက်မှတ်ရေးထိုးကြပြီး အခမ်းအနား သို့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ၊ ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များတက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
