နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မတီဝင်များဖြစ်ကြသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း တိုးတက် များပြားလာသည့်ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ ပြန်လည်သုံးသပ်ပြင်ဆင်ထားသော ကျိုတို သဘောတူညီချက်၏ အထွေထွေနောက်ဆက်တွဲပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်နှင့် အာဆီယံကုန်စည်ကုန် သွယ်ရေး သဘောတူညီချက်များအရလည်းကောင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ပြတင်း တစ်ပေါက်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်သည် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းနှင့် ကုန်သွယ်မှု လုပ်ငန်းစဉ်များတွင် အချိန်နှင့်ကုန်ကျစရိတ်များ သက်သာစွာဖြင့် လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်အကောင်အထည်ဖော်သည့် စနစ်တစ်ခုဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကုန်သွယ်မှု လုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သော ထိရောက်မှုရှိသည့် ခေတ်မီ ကုန်စည်ရှင်းလင်းရေးစနစ်ဖြစ်၍ ယင်းလုပ်ငန်းစဉ်တွင် ကုန်သွယ်မှုဆက်စပ်ဌာနများ၊ ပုဂ္ဂလိကကဏ္ဍ များအားလုံး ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့်စနစ်ဖြစ်ရာ နိုင်ငံတော်ပြတင်းတစ်ပေါက် စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် "နိုင်ငံ တော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီ" ကို အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်၊ ၁၁၉/၂၀၂၅ ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊
နိုင်ငံတော်အဆင့် ပြတင်းတစ်ပေါက်စနစ်ကို ၂၀၂၈ ခုနှစ်တွင် မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် တည်ထောင်နိုင်ရေးအတွက် လိုအပ်သော ရန်ပုံငွေခွင့်ပြုချက်ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး စနစ် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ် များတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပါဝင်သည့်ကဏ္ဍ အလိုက် လုပ်ငန်းတာဝန်များကို ပြည့်ဝစွာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်အဆင့် ပြတင်းတစ်ပေါက်စနစ်အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိုင်ငံတော်အဆင့် ပြတင်းတစ်ပေါက်စနစ်အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းစဉ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင် ရွက်ရမည့်အခြေ အနေများအားလည်းကောင်း၊ ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ် ရေးလွယ်ကူချောမွေ့စေရေးဆိုင်ရာသဘောတူညီချက် Article (10.4) နှင့် အညီ ဆောင်ရွက်နေမှု အခြေအနေများ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ဒုတိယဥက္ကဋ္ဌဦးဇော်မြင့်နိုင်က ငွေကြေး၊ ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်မှုအတွက်ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ သက်ဆိုင် ရာဌာနများမှ ကော်မတီအဖွဲ့ဝင်များက ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်များ မှန်ကန်မှု နှင့် လုံခြုံမှုရှိရေးဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များ၊ စနစ်အကောင် အထည်ဖော်ရေးတွင် ကုမ္ပဏီများပါဝင်ဆောင်ရွက်လာခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာနိုင်မှုအခြေ အနေများ၊ အဓိကပို့ကုန်/သွင်းကုန်များဖြစ်ကြသော စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ဆိုင်ရာပိုးမွှားကင်းစင်ရေး (Technical Barriers to Trade - TBT နှင့် Sanitary and Phytosanitary (SPS) measures) ဆိုင်ရာ ကိစ္စရပ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု (Food and Drug Administration – FDA) စသည်တို့နှင့်စပ်လျဉ်း၍ နည်းပညာအသုံးပြု ဆောင်ရွက်နေသည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် သည် ကုန်စည်ကုန်သွယ်မှုများကို လွယ်ကူမြန်ဆန်ချောမွေ့စွာ နည်းပညာအသုံးပြုဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး အာဆီယံပြတင်းတစ်ပေါက်စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်၍ သတ်မှတ်ချိန်အတွင်း ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စနစ်အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များကို လိုက်ပါဆောင်ရွက်သူများအား အသိပညာ ပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
