ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်
မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး
မန္တလေး အောက်တိုဘာ ၁၉
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး ပြင်ဦးလွင်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်များတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများအနေဖြင့် ဆောင်ရွက်ပေးရမည့်ဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၁၆) မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်းအခွန် အရပ်ရပ်ကောက်ခံဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက် အကူပြုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အခွန်အရပ်ရပ်ကောက်ခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန်တို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်ရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
