စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
နေပြည်တော်၊ အောက်တိုဘာလ ၃၀
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင် ကော်မတီ၏ (၃၄) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ကဆွေးနွေး ပြောကြားရာတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ် ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုမှ၊ မြို့နယ် (၁၈၇) မြို့နယ်မှ တောင်သူ (၅၉၂၃) ဦးသို့ ချေးငွေကျပ် ၂၆၀၂၃၃.၀၉ သန်း ထုတ်ချေး ပေးထားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုရှိ မြိုနယ် (၃၃) မြို့နယ်မှ တောင်သူ (၁၀၇) ဦးသို့ ချေးငွေ ကျပ် ၁၂၇၈၅.၀၂ သန်း ထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်သည့် ချေးငွေ လျှောက်ထားသူတောင်သူများအား စိုက်ပျိုး/ ရိတ်သိမ်းချိန်အမီ ချေးငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် စနစ်တစ်ကျစိစစ်ထုတ်ချေးနိုင်စေရေး တာဝန်ရှိသူများမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်ပေးရန်လိုအပ်မှာဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲအဆင့်ဆင့် အနေဖြင့် ပေးဆပ်ရန်သတ်မှတ်ကာလအား အချိန်စေ့လွန်ပျက်ကွက်သည့် ချေးငွေကြွေးကျန်များ မဖြစ်ပေါ်စေရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်ရန်၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီစဉ်တွင် လယ်ယာသုံးစက်ကရိယာများရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာ ရမည့်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းအကောင်အထည် ဖော်တဲ့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ယာသုံးစက်ရောင်းချသည့် ကုမ္ပဏီများ၊ တောင်သူ လယ်သမားများနဲ့ ချေးငွေကြီးကြပ်မှုကော်မတီအဆင့်ဆင့်အနေဖြင့် စီမံကိန်းကိုစဉ်ဆက်မပြတ် အောင်မြင်ရှင်သန်စေရေး ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန်ရှိသူ များက Two Step Loan ချေးငွေထုတ်ချေးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
