အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ
နေပြည်တော် ၊ ဇန်နဝါရီ ၂၉
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏(၁/၂၀၂၆) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်တွင်း အခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးသွင်အောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဌာနအဖွဲ့အစည်းများ မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေ ကျပ်(၁၇၀)ဘီလီယံကို ထူထောင်ထားပြီး၊ MSME လုပ်ငန်းကော်မတီ ၏ဆုံးဖြတ်ချက်အရ ကျပ် (၂၀) ဘီလီယံကို MSME ဖွံ့ဖြိုး တိုးတက်ရေးအကူအညီ အထောက် အပံ့အဖြစ်လည်းကောင်း၊ ကျန် ကျပ် (၁၅၀) ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရေး အတွက် လည်းကောင်း သုံးစွဲလျက်ရှိပါကြောင်း၊ MSME လုပ်ငန်းရှင်များသို့ချေးငွေထုတ်ချေးရာတွင် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်း၊ ချေးငွေထုတ်ချေး ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတိုးနှုန်းသက်သာသောချေးငွေများကို စိစစ်ထုတ် ချေးပေးလျက်ရှိကြောင်း၊ ၂၃-၁-၂၀၂၆ ရက်နေ့အထိ MSME လုပ်ငန်းရှင်(၁၉၀)ဦးသို့ ချေးငွေ ပမာဏ ကျပ်သန်းပေါင်း (၇,၁၅၅) ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် MSME လုပ်ငန်းရှင် များချေးငွေရယူရာတွင်ပိုမိုအဆင်ပြေစေရန် ချေးငွေထုတ်ချေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း အပေါ် ပြင်ဆင်ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေမှ ပိုမိုမြန်ဆန်စွာနှင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်မှလည်း PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ PFI ဘဏ်များ အနေဖြင့် MSME ချေးငွေပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ရန်နှင့် ချေးငွေများ ထိရောက်စွာအသုံးပြု မှု ရှိ-မရှိကိုလည်း စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသွင်အောင်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ် အနက် တစ်ရပ်ဖြစ်သော “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ် သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro – Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွား ဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး” ဟူသည့် ဦးတည်ချက် အောင်မြင်အောင်ဆောင်ရွက်ရန် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများကိုအခြေခံသော MSME ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်သွားကြရမည်ဖြစ်ပြီး၊ ကြုံတွေ့နေရသော ငွေကြေးအရင်းအနှီး လိုအပ်ချက် အပါအဝင်အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အေဂျင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ အေဂျင်စီသည် MSME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး MSME များအတွက် နည်းပညာနှင့် သတင်းအချက်အလက်များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ ငွေကြေးအထောက်အပံ့နှင့် ဘဏ်ချေးငွေရရှိနိုင်ရေးအတွက် ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များက MSME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် လက်ကျန်အခြေအနေများ၊ ချေးငွေစိစစ်ခွင့် ပြုမှုများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းကော်မတီ၏လမ်းညွှန်ချက် များနှင့်အညီ MSME များ လိုအပ်သော ငွေကြေးအရင်းအနှီးများကို MSME အေဂျင်စီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်း၍ မြန်ဆန်မှန်ကန်စွာ စိစစ်ထုတ်ချေးနိုင်ရေး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
