ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ နေပြည်တော်၏ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် 

မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ နေပြည်တော်၏ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား 

သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော်  ဩဂုတ် ၅


      ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ နေပြည်တော်နှင့် နေပြည်တော် (ဘဏ်ခွဲ)၏ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

      ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် ဝန်ထမ်းများ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု၊ ဘဏ်သို့လာရောက်သူများ၏ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှုများ၊ ဘဏ်ရုံးချုပ်အဆောက်အအုံနှင့် ဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်အဆောက် အအုံများကြံ့ခိုင်မှုနှင့် လုံခြုံရေးဆောင်ရွက်ထားမှုအခြေအနေများ၊ ဘဏ်ဝင်းအတွင်း ယာယီ ဆောက်လုပ်ပေးထားသည့် Modular House များတွင် ဝန်ထမ်းများ နေထိုင်မှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပါသည်။

       ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘဏ်ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားပြီး၊ ပြည်သူများ ယုံကြည်ကိုးစားရသည့် ပြည်သူများအတွက် နိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လွယ်ကူလျင်မြန်စွာ ဆောင် ရွက်ပေးရေး၊ ဘဏ်ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း များဖြစ်သည့်အားလျော်စွာ ဘဏ်ဝန်ဆောင် မှုလုပ်ငန်းများအား အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ပေးရေး၊ အပ်ငွေများ လက်ခံခြင်း နှင့် ချေးငွေများထုတ်ချေးရာတွင် သတ်မှတ်ထားသော ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ပြည်သူများက ယုံကြည်အားထား ရသည့်ဘဏ်ဖြစ် သည့်အားလျော်စွာ Core Banking စနစ် အကောင်အထည်ဖော်ရေးကဲ့သို့သော ခေတ်မီဘဏ် လုပ်ငန်းစနစ်များ ကျင့်သုံးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဘဏ်သို့လာရောက်ဆက် သွယ်ကြသူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လွယ်ကူချောမွေ့လျင်မြန်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံပိုင်ဘဏ်အပေါ်ထားရှိသည့် ပြည်သူများ၏ယုံကြည်မှုကို ပိုမို မြင့်မားစေရေး၊ ငလျင်ဒဏ်ကြောင့် ဘဏ်အဆောက်အဦများ ထိခိုက်ပျက်စီးများမှုရှိခဲ့ရာတွင် ဘဏ်များ၏ ဉပဓိရုပ်ကောင်းမွန်မှုကို ဦးစားပေးဆောင်ရွက်ရေး စသည်တို့ကို လမ်းညွှန်မှာ ကြားပါသည်။

      ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဘဏ်စာရင်းများကို ဘဏ်လုပ်ငန်းစည်မျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရေးသွင်းဆောင် ရွက်ရေးနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘဏ်အဆောက်အဦများကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးကိစ္စများအား ရှင်းလင်းတင်ပြပါသည်။  

     ထို့နောက် မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့စီးပွားရေးဘဏ်၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘဏ်အဆောက်အဦများကို အမြန်ဆုံးပြန်လည်တည်ဆောက်ရေးကိစ္စများ၊ ခေတ်မီဘဏ်လုပ်ငန်းစနစ်များဖြင့် ဘဏ်နှင့်ဆက်သွယ်သူပြည်သူများအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဘဏ်အပေါ်ထားရှိသည့် ယုံကြည်အားကိုးမှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် Modular House များတွင် ဝန်ထမ်းများ နေထိုင်မှုအခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘဏ်ဝင်းအတွင်း တည်ဆောက်ထားသော ရုံးအဆောက်အအုံများ၊ ဘဏ်ပြတိုက်နှင့် ယာယီဆောက်လုပ်ပေးထားသည့် Modular House များတွင် ဝန်ထမ်းများနေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းနှင့် မှီခိုသူမိသားစုဝင်များ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေနှင့် မိလ္လာစနစ်များ ကောင်းမွန်ရေး၊ အမှိုက်များကို စနစ်တကျသိမ်းဆည်းစွန့်ပစ်ရေး စသည်တို့ကို တာဝန်ခံများအား အဆင့်ဆင့်တာဝန်ပေး၍ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။