၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဩဂုတ် ၁၈
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး ဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို နှစ်စဉ်ပြဋ္ဌာန်းလျက်ရှိပြီး၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို မတ်လ ၃၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ နှစ်စဉ်တိုးမြင့်လာသော အသုံးစရိတ်များ ကာမိနိုင်စေရန် အခွန်လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံရန်လိုအပ်ပါကြောင်း၊ ယင်းသို့ကောက်ခံကြရာတွင် သက်ဆိုင်ရာအခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်း၊ အခွန်ပေးဆောင်ရန် လွတ်ကင်းနေသည့်လုပ်ငန်းများကို တိုးမြှင့်ရှာဖွေခြင်းပြုလုပ်ရန် လိုအပ်ကြောင်း၊ အခွန်ရငွေများဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအတွက် အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာအခွန်ဥပဒေများအရ နိုင်ငံတော်သို့ ပေးဆောင်သင့်၊ ပေးဆောင်ထိုက်သည့် အခွန်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ပိုမိုသုံးစွဲနိုင်ရန် အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အခွန်ပညာပေးလုပ်ငန်းများကို အခွန်ထမ်းများ ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းပြောကြားပေးရန် လိုအပ်ပါကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိအောင် ကောက်ခံကြရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ အခွန်ပေးဆောင်သူပြည်သူများက မိမိတို့ပေးဆောင်လိုက်သည့် အခွန်ငွေများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အဓိကထားသုံးစွဲနေကြောင်းကို နားလည်လက်ခံလာကြမည်ဖြစ်ပြီး အခွန်ရုံးများအပေါ် ပိုမိုယုံကြည်လာကြမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာအခွန်မှူးများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကောက်ခံရန်လျာထားသည့် အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီကျော်လွန်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းကောက်ခံပေးကြရန်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူးများက လက်ရှိအခွန်ကောက်ခံရရှိမှုအခြေအနေများနှင့် လျာထားချက်များအတိုင်း ဆက်လက်ကောက်ခံဆောင်ရွက်သွားမည့်အခြေ အနေများကို တင်ပြကြပြီး အစည်းအဝေးပထမနေ့ကို (၁၇:၃၀) နာရီ တွင် ရပ်နားခဲ့ပါသည်။ အစည်းအဝေးဒုတိယနေ့ကို ဩဂုတ်လ ၁၉ ရက်နေ့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
