ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သွင်းကုန်၊ ပို့ကုန်နှင့် ခရီးသည် ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် 
အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သွင်းကုန်၊ ပို့ကုန်နှင့် ခရီးသည် ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၉

         ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အကောက်ခွန်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် (National Single Window) အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

         ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်ကို ပြီးမြောက်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း ကုန်စည်ဆောင်ရွက်မှုများတွင် ချိတ်ဆက်ရမည့် ခေတ်မီကုန်စည်ရှင်းလင်းရေးစနစ်ဖြစ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏လိုအပ်ချက်ဖြစ်ပြီး မိမိတို့ အကောက်ခွန်ဌာန၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ပို့ကုန်/သွင်းကုန်များ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တရားမဝင်ကုန်စည်များတင်သွင်းမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနတွင်းလုပ်ငန်းခွင်တွင် ဆောင်ရွက်နေကြသည့်ဝန်ထမ်းများအား အရည်အသွေးနှင့် လုပ်ဆောင်မှုစွမ်းရည်မြင့်မားစေရေး ကာလတို/ကာလရှည်သင်တန်းများစီစဉ်ပြီး တိုးတက်လာစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ လူ့စွမ်းအား၊ နည်းပညာနှင့် စက်ကိရိယာများကိုလည်း ပြည့်စုံစွာ စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

         မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်သွင်းကုန် (Air Cargo Terminal)သို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အကောက်အခွန်ဦးစီးဌာနမှ သွင်းကုန်၊ ပို့ကုန်နှင့် ခရီးသည်များကုန်ပစ္စည်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် Yangon Aerodrome Co., Ltd. (YACL) နှင့် Sky Cargo Terminal (SCT) မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး Yangon Aerodrome Co., Ltd. (YACL) နှင့် လေဆိပ် (OSS) Sky Cargo Terminal တို့၏ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                                 

                                                                                                                                                                                                  သတင်းစဉ်