အရာထမ်းများမွမ်းမံသင်တန်းအမှတ်စဉ် (၂)
အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အရာထမ်းများ မွမ်းမံသင်တန်း (၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ ရငွေများကို လျာထားချက်ပြည့်မီစွာ ကောက်ခံရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရန်နှင့် အသုံးစရိတ်များကို ထိရောက်စွာအသုံးချနိုင်ရန် လိုအပ်ပြီး နိုင်ငံ့ဘဏ္ဍာငွေ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ချေးငွေများရယူရာတွင်လည်း နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထိန်းညှိဆောင်ရွက်ရန် လိုအပ်ကြောင်း။
ငွေတိုက်ဦးစီးဌာနအနေဖြင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဉပဒေနှင့်အညီ ပြည်တွင်း/ ပြည်ပကြွေးမြီများ စီမံခန့်ခွဲခြင်း၊ ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ကြွေးမြီစီမံခန့်ခွဲမှုများ ချိတ်ဆက်မှုအားကောင်းစေရန်ဆောင်ရွက်ခြင်း၊ အစိုးရ၏ ဝယ်ယူခြင်းနှင့် ထုခွဲခြင်းအတွက် ဥပဒေ၊ နည်းဉပဒေ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ လစဉ်ဘဏ္ဍာရန်ပုံငွေစာရင်းများ စုစည်းပေါင်းချုပ်ခြင်းနှင့် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပါက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ အမှန်စာရင်းများကို စုစည်းပေါင်းချုပ်ခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း။
ယခုသင်တန်းအား ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ရာ သင်တန်းသားများအနေဖြင့် ဌာနခွဲအသီးသီးကဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာခြင်း၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာခြင်းနှင့် ဆက်စပ်လျက်ရှိသည့်လုပ်ငန်းများကို သိရှိနားလည်ပြီး စွမ်းရည်ပြည့်ဝစွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဆောင် ရွက်နေသည့်ဌာနဖြစ်၍ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်း (၃၁) ဦး ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက် သတ္တပတ် လေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
