မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ 

သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဩဂုတ် ၂၁

     မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့  ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည့် ယနေ့နံနက် ၉ နာရီခွဲတွင် သီလဝါအထူး စီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လက်ရှိ သီလဝါအထူးစီးပွားရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က သီလဝါအထူး စီးပွားရေးဇုန်သည် အောင်မြင်သောစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး တိုးတက်မှုရှိပြီးဖြစ်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး ရင်းနှီးမြှုပ်နှံထား သောကုမ္ပဏီများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စက်ရုံအချို့တွင် ဆိုလာ စွမ်းအင်ထုတ်ယူအသုံးချလျက်ရှိရာ ၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီဖြစ်၍ ကျန်စက်ရုံများ ဆိုလာ တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေး တိုက်တွန်းစေလိုကြောင်း၊ အထူးစီးပွားရေး ဇုန်၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရေတိုရေရှည်အစီအမံများရေးဆွဲရာတွင် ဖြစ်ပေါ်တိုးတက်နေသည့်အခြေအနေအပေါ်မူတည်၍ သုံးသပ်ရေးဆွဲရန် လိုအပ်ကြောင်း မှာကြားသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက သီလဝါအထူးစီးပွားရေးဇုန်၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပ ကုန်စည်ပြပွဲများ၌ ပါဝင်ပြသနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူး စီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုးများနေသော ကြောင့် တင်သွင်းကုန်များသည် စက်ရုံများ၌ အမှန်တကယ်အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်း ပစ္စည်းများဖြစ်ရန်လိုအပ်ကြောင်း၊ စက်မှုဇုန်များတွင်လိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှထုတ်လုပ်သောပစ္စည်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်သွယ်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေး ဇုန်ရှိ One Stop Service Center (OSSC) ၏ အရည်အသွေးပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးနေမှု တို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

     ဆက်လက်၍ Myanmar International Terminals Thilawa (MITT) ဆိပ်ကမ်းသို့ သွားရောက်ရာ MITT အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိပ်ကမ်းအကောက်ခွန်လုပ်ငန်းများနှင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ Denko စက်သုံးဆီဆိပ်ကမ်းတာဝန်ခံက စက်သုံးဆီဆိပ်ကမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ Myanmar International Terminals Thilawa (MITT) ဆိပ်ကမ်းနှင့် Denko စက်သုံးဆီဆိပ်ကမ်းများသို့လည်းကောင်း၊ Wilmar Myanmar Port Terminals (Thilawa) ဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့လည်းကောင်း၊ သာကေတ ဆိပ်ကမ်း၌ ကုန်ပစ္စည်းများ ကုန်တင်ကုန်ချဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။