ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဦးချစ်ဆွေ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းတွင် အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဦးချစ်ဆွေ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းတွင် 
အကောက်ခွန် လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဩဂုတ် ၂၄

    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် အကောက်ခွန် ကုန်ပစ္စည်းစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ကံဇော်နှင့် ဦးချစ်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့ဖြင့် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေသော လုပ်ငန်းများဖြစ်ကြသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပို့ကုန်လုပ်ငန်းနှင့် သွင်းကုန်လုပ်ငန်းများကို X-Ray စက်ဖြင့် စစ်ဆေးခြင်း၊ တားဆီးဖမ်းဆီးပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို မှာကြားသည်။

     ထို့နောက် အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

    ရှင်းလင်းတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့က ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။