ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၃/၂၀၂၅ - ၂၀၂၆) ကြိမ်မြောက်အစည်းအ‌ဝေး

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့
(၃/၂၀၂၅ - ၂၀၂၆) ကြိမ်မြောက်အစည်းအ‌ဝေး ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ  ၁၀    
    
        ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းတက်ရောက်၍ အမှာစကားပြောကြားသည်။

         အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာပိုမိုထုတ်ချေးနိုင်ရေးအတွက် မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ် (၂) ဘဏ်သာမက ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်ကိုလည်း PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ PFI ဘဏ်များ အနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊  မိမိတို့ထုတ်ချေးပေးထားသည့် ချေးငွေများ ထိရောက်စွာအသုံးပြုမှုရှိ-မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးသုံးသပ်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များမှ ပြန်လည်ပေး သွင်းရန်အချိန်စေ့ရောက်သည့် ချေးငွေ အရင်း၊ အတိုးများကို ပုံမှန်ပေးဆပ်စေရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။

       ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေထုတ်ချေးမှုနှင့် အချိန်စေ့ငွေများ ကို ပြန်လည်ကောက်ခံရရှိမှုအခြေအနေများကိုလည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

      အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဝင်များ ဖြစ်ကြသည့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ ပါသည်။