စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေစိစစ်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆)
စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေစိစစ်ရေးအဖွဲ့ အစည်းအဝေး
အမှတ်စဉ် (၁/၂၀၂၆) ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၆
စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေထုတ်ချေးရန် စိစစ်ရေးအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်ကြသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထိန်လင်း ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်နှင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က နိုင်ငံတော်၏စီးပွားရေးမူဝါဒများကို ဆောင်ရွက်ရာတွင် ငွေရေးကြေးရေးကဏ္ဍမှ အဓိက ပါဝင်လျက်ရှိရာ ပြည်သူများ၏ အပ်နှံစုဆောင်းငွေများဖြင့် နှစ်တို၊ နှစ်ရှည် ကူးသန်းရောင်း ဝယ်ရေးချေးငွေ (Commercial) နှင့် MSME ချေးငွေများအပြင် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံရသော စီမံကိန်းနှင့် မူဝါဒဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာ့စီးပွား ရေးဘဏ်မှ ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ကျပ်သန်း (၁၅၀၀) နှင့်အထက် တင်ပြလာ သည့် ချေးငွေလျှောက်ထားမှုများအား စိစစ်နိုင်ရန် “စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေစိစစ်ရေး အဖွဲ့” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ၂-၈-၂၀၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း၊
ယခင်ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် ချေးငွေအချို့မှာ ပြေကြေ ပြီးဖြစ်ကြောင်းတွေ့ရှိရပြီး ယခုအခါ စီမံကိန်းချေးငွေ (၇) ခုနှင့် မူဝါဒချေးငွေ (၄) ခု၊ စုစုပေါင်း (၁၁) ခု ကျန်ရှိရာ အဆိုပါ စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေ (၁၁) ခု ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အဖွဲ့အနေဖြင့် သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် ချေးငွေစီမံခန့်ခွဲမှုများကို အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေး ခေါ်ယူ ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် အတွင်းရေးမှူး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စီမံကိန်းနှင့် မူဝါဒဆိုင်ရာထုတ်ချေးထားသောချေးငွေများအပေါ် ချေးငွေဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေအရင်းအတိုးများ ပုံမှန်ပေး ဆပ်စေရေး၊ ချေးငွေပေးဆပ်ရန်ပျက်ကွက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပျက်ကွက်ပါကလည်း ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ် များအား တင်ပြဆွေးနွေးပါသည်။
ယင်းနောက် တွဲဖက်အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြား ရေးမှူးက ယခင် စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေစိစစ်ရေးအဖွဲ့ ၁/၂၀၂၂ ၏ အစည်း အဝေးဆုံးဖြတ်ချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ များအား ရှင်းလင်း တင်ပြပါသည်။
ထို့နောက် အဖွဲ့ဝင်များဖြစ်ကြသော ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထိန်းလင်းဦးက ချေးငွေများနှင့်စပ်လျဉ်း၍ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ အားလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင် က ချေးငွေပြန်လည်ပေးဆပ်ရေးနှင့်စပ်လျဉ်း၍ ဘဏ်များမှဆောင်ရွက်နိုင်သည့်အခြေ အနေများအားလည်းကောင်း တင်ပြဆွေးနွေးကြပြီး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
