ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှအထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ်မန်နေဂျာများနှင့် ခရိုင်မန်နေဂျာ (၆၅) ဦးတို့ ကိုယ်တိုင်တက်ရောက် ကြပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်မန်နေဂျာများနှင့် ခရိုင်မန်နေဂျာ (၂၅) ဦးတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမှာစကားပြောကြားရာ၌ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် ဘဏ်လုပ်ငန်းကွန်ရက်အကျယ်ပြန့်ဆုံး နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍတွင် အဓိကကျခြင်း၊ ငွေကြေးစီးဆင်းမှု များပြားခြင်း၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွင် အရေးပါခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို အလေအလွင့်နှင့် ဆုံးရှုံးမှုမရှိစေရန် ဘဏ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရန်လိုအပ် ကြောင်းနှင့် ငွေကြေးနှင့်လုပ်ပိုင်ခွင့်များကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများ မှန်ကန်စေရေး၊ စာရင်းရေးသွင်းမှုမှန်ကန်စေရေးတို့ကို စနစ် တကျလုပ်ဆောင်ကြရန်နှင့် တာဝန်ခံများအနေဖြင့် လုပ်ငန်းများအချိန်မီပြီးစီးရေး အပတ်စဉ် လုပ်ငန်းဇယားများသတ်မှတ်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် သေချာ စိစစ်အတည်ပြုရန်လိုအပ်ကြောင်း၊ ဘဏ်၏ အဓိကငွေကြေးအရင်းအမြစ်ဖြစ်သော အပ်နှံငွေများတိုး တက်ရရှိရေးသည် အရေးပါသောအခန်းကဏ္ဍ တစ်ခုဖြစ်ပြီး ရရှိသောအပ်ငွေများကို လုပ်ငန်းရှင် များသို့ ထုတ်ချေးခြင်းဖြစ်၍ အပ်ငွေလျော့ကျပါက ဘဏ်ချေးငွေထုတ်ချေးနိုင်စွမ်းအပေါ် သက် ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အပ်ငွေအမျိုးအစားအလိုက် ဘဏ်သို့ ငွေသားစီးဝင်မှု၊ အတိုးပေးရမှု၊ ချေးငွေအတိုး ပြန်လည်ရရှိမှုတို့ကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ပြီး အမြတ်အစွန်းရအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရန် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်စေရေး၊ MSME လုပ်ငန်းရှင်များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကဏ္ဍစုံသို့ ချေးငွေများပံ့ပိုးထုတ်ချေးလျက်ရှိပြီး ချေးငွေထုတ်ချေးရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ချေးရန် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရေးကို တွန်းအားပေး ဆောင်ရွက်ရန်၊ NPL များ ကျဆင်းရေးနှင့် Quality Loan များ ဖြစ်လာစေရေးကို ရည်မှန်းချက်ထား၍ ယင်းလုပ်ငန်းများ အောင်မြင်စေရန် ဘဏ်ဝန်ထမ်းအားလုံး အသိစိတ်ဓါတ်ရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူ များမှတစ်ဆင့် မိုဘိုင်းနှင့် ဘဏ္ဍာရေးဆိုင်ရာနည်းပညာ (Fin-tech) ဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ခြင်းအားဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်များကို ဗဟိုထိန်းချုပ်မှု (Centralized) စနစ် အသုံးပြုပြီး ဘဏ်လုပ်ငန်းစဉ်များကို အလိုအလျောက်ဆောင်ရွက်လာနိုင်သည့် အတွက် ဝန်ထမ်းအင်အား၊ အချိန်၊ စာရွက်စာတမ်းစသည့် ဝန်ပိုများကိုလျှော့ချနိုင်ကာ ဘဏ်နှင့် ဆက်သွယ်သူများသည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုလာနိုင် သည်ကို တွေ့ရကြောင်း၊ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌ ပိုမိုအဆင်ပြေ ချောမွေ့စေရန် e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် UID နံပါတ်များကောက်ယူ မှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငွေသားသုံးစွဲမှုလျှော့ချနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းလစာနှင့်ပင်စင် လစာများကို MEB Pay Wallet သို့ထည့်သွင်း၍ လွယ်ကူစွာထုတ်ယူနိုင်ရန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ CBM Net ဖြင့်ချိတ်ဆက်ပြီး FI Gate Way ကို ဒီဇင်ဘာလအထိ ဘဏ်ခွဲ ပေါင်း (၃၉) ဘဏ်တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ Centralized e-Pension စနစ်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလအထိ ဘဏ်ခွဲပေါင်း (၁၈၅) ဘဏ်တွင် ဆောင်ရွက်လျက်ရှိရာ ပင်စင်စားဦးရေ၏ (၈၅.၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ Core Banking စနစ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကိုလည်း အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Core Banking စနစ်မှသည် ကျန် ရှိသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရန်ဖြစ် ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စေရေးအတွက် တာဝန်ရှိအရာထမ်းများကလည်း ပြဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဘဏ်၏ တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာရေးကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြရန် လမ်းညွှန်မှာကြားသည်။
နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းပွဲများ၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ထူးချွန်မှုအတွက် ဆုပေးပွဲများအပါအဝင် ၂၃-၂-၂၀၂၆ ရက်မှ ၂၆-၂-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
