အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနား
အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ အခွန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ အရာထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် အခွန်စနစ်ကို ပိုမို ကောင်းမွန်အောင် ခေတ်မီနည်းပညာများနှင့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိကြ ကြောင်း၊ အခွန်နှင့်စပ်လျဉ်းသည့်လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်စပ်နေ သည့် အခြားအစိုးရဌာနများမှ ဝန်ထမ်းများ၏ အခွန်ဆိုင်ရာသိမြင်နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သဖြင့် ယခုကဲ့သို့ သင်တန်းကို သီးသန့်စီစဉ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ဌာနအသီးသီးတွင် လုပ်ငန်းများ ဆောင်ရွက်ကြသည့်အခါ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ကောက်ခံရာတွင် ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရှင်းလင်းသည့် အခွန်ပတ်ဝန်း ကျင်ကောင်းတစ်ခုဖန်တီးပေးနိုင်ရန် နိုင်ငံသားတိုင်း အခွန်ဆိုင်ရာအခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ စုစုပေါင်း အရာထမ်း (၄၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
