အခွန်ဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား


အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ၊ မတ် ၁၁

      ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

        အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ဆောက်ရာတွင် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိမှုသည် အဓိက အသက်သွေးကြော ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ ရရှိမှုလမ်းကြောင်းများတွင် “အခွန်မှရငွေ” သည် ပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးအကြီးဆုံးနှင့် အခိုင်မာဆုံးသော အရင်းအမြစ် တစ်ခုဖြစ်ပါကြောင်း၊သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှရရှိသည့်အခွန်ဆိုင်ရာ အသိပညာများကိုအခြေခံပြီး ဆက်လက်လေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများသည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြ၍ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး တတ်သိကျွမ်းကျင်ရမည့်ပညာရပ်များကို အမြဲလေ့လာဆည်းပူးကာ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို စိတ်စေတနာအရင်းခံဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့  ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
    
    ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို ချီးမြှင့်ပါသည်။ ယခုသင်တန်းသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အရာထမ်း စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။