Financial Management and Accounting with EXCEL သင်တန်း
Financial Management and Accounting with EXCEL သင်တန်း ဖွင့်လှစ်
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သော Financial Management and Accounting with EXCEL သင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနအောက်ရှိဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့မျက်မှောက်ခေတ်ကာလ၏ နယ်ပယ် ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်အောင်အသုံးချနိုင်သည့် နိုင်ငံများ တိုးတက် အောင်မြင်နေကြကြောင်း၊ နိုင်ငံအသီးသီး၌ ဒီဂျစ်တယ်အသွင်ကူးပြောင်း လုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ ကူးပြောင်းဆောင်ရွက်လျက်ရှိကြကြောင်း။
ကိန်းဂဏန်းအချက်အလက်များကို အခြေခံ၍ သုတေသနလုပ်ငန်းများတွင် နည်း ပညာကိုလက်တွေ့အသုံးချဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အထောက် အကူပြုအကျိုးဖြစ်ထွန်းစေရန် ကြိုးစားလေ့လာသင်ယူသွားကြရန် လိုအပ်ကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်မြင့် မားလာစေရန်နှင့် လုပ်ငန်းပိုင်းပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပြီး သင်တန်း များကို ဖွင့်လှစ်ပို့ချနေခြင်းဖြစ်ကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်း တက်ရောက်ရာတွင် မိမိကိုယ်ကို လေ့လာသင်ယူလိုစိတ်၊ တိုးတက်အောင် ကြိုးစားချင်စိတ်၊ တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်း ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးလိုစိတ် စသောခံယူချက်များဖြင့် သင်တန်းကာလတစ်လျှောက် သင်ယူရန်လိုအပ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ခေတ်မီတိုးတက်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် e-Government စနစ်များကို Myanmar e-Governance Master Plan ၏ လမ်းပြမြေပုံတွင် ရည်မှန်းထားသောအဆင့်များအတိုင်း အောင်မြင်စေရန် တစိုက်မတ်မတ် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ တတိယအဖွဲ့အစည်း (Third Party) အားကိုး၍ လုပ်ငန်းဆောင်ရွက်မှုများ လျှော့ချသွားနိုင်ရေးအတွက် ဦးစီးဌာန /လုပ်ငန်း/အဖွဲ့အစည်းများအနေဖြင့် ကိုယ်ပိုင် Software များ ရေးသားလွှင့်တင်နိုင်ရန်နှင့် IT Infrastructure များအား ကိုယ်တိုင်ကိုင်တွယ် အသုံးချစီမံခန့်ခွဲနိုင်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး Programming Language သင်တန်းနှင့် Networking ဆိုင်ရာ သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
သင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်း (၃၀) ဦး ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက်သတ္တပတ်လေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
