ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉)
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၉)
ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ထင်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးရဲနိုင်၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များ၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့ အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ကြိုးပမ်းလျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် ပင်ကိုယ် အရည်အချင်း၊ စွမ်းရည်များပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရှင်သန်အား ကောင်းရန် လိုအပ်လျက်ရှိကြောင်း၊ ယနေ့တိုးတက်နေသည့် ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းနိုင် ရန်အတွက် မိမိတို့နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ခိုင်မာအားကောင်းရန် လိုအပ် ကြောင်း၊ သို့မှသာ အကန့်အသတ်ဖြင့်ရှိနေသည့် မိမိတို့နိုင်ငံ၏အရင်းအမြစ်များကို ပြည်သူ များ၏အကျိုးစီးပွားအတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ထိရောက်မှုရှိရှိ၊ စွမ်းဆောင်ရည်ရှိရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနယ်ပယ်သည် ဘဏ္ဍာငွေ ရရှိမှုအရင်းအမြစ်များ တိုးမြင့်ရရှိအောင်ဆောင်ရွက်ရေး၊ အသုံးစရိတ်များကို စနစ်တကျခွဲဝေ ပေးရေး၊ ခွဲဝေပေးသောအသုံးစရိတ်များကို ထိရောက်စွာ အကျိုးရှိရှိ သုံးစွဲနိုင်မှုရှိ/မရှိ စောင့်ကြည့်ထိန်းကျောင်းရေး၊ သုံးသပ်ရေး၊ အစီရင်ခံရေးစသည့် အဆင့်အလိုက် လုပ်ငန်း စဉ်များစွာဖြင့် ကျယ်ပြန့်လှသည့်နယ်ပယ်တစ်ခုဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင် ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုသင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ ကာလတိုသင်တန်းများအပြင် ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံ သင်တန်းများကို (၈) ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူး အဆင့် အရာထမ်းသင်တန်းသား (၂၇၇) ဦး တက်ရောက်ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခု သင်တန်းသို့တက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် လက်တွေ့သင်ခန်းစာများ ကို သေချာစွာ လေ့လာသင်ယူပြီး မိမိတို့ဌာနအဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်တွင် လက်တွေ့ပြန်လည် အသုံးချရန်နှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် ကြိုးစား လေ့လာသင်ယူသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၉)သို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူး အဆင့် အရာထမ်း (၃၈) ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
