ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပင်စင်လုပ်ငန်းဆိုင်ရာအထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနား
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ပင်စင်လုပ်ငန်းဆိုင်ရာအထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၊ ဖေဖော်ဝါရီ ၉
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဆိုင်ရာအထောက် အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန၊ ရုံးအမှတ် (၃၄) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယခု သင်တန်းအား ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားစေရန်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ပင်စင်အကျိုး ခံစားခွင့်များ လျင်မြန်စွာရရှိစေရန်နှင့် ပင်စင်အမှုတွဲများ တွက်ချက်ရာတွင်လည်းကောင်း၊ ငွေပေးမိန့်ထုတ်ပြန်ခြင်းများ ဆောင်ရွက်ရာတွင်လည်းကောင်း တည်ဆဲပင်စင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် ရုံးလုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပင်စင်စနစ် (National Pension System) ပေါ်ပေါက်လာစေရေးအတွက် ရေရှည်တည်တံ့ပြီး မျှတသည့်ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိရာ လက်ရှိပင်စင်စနစ်ကို မူဘောင်အတွင်းမှ ပြုပြင်ပြောင်း လဲခြင်း (Parametric Reform) နှင့် ရန်ပုံငွေကိုအခြေခံ၍ ပင်စင်အကျိုးခံစားခွင့်ပြုသည့် စနစ် (Systemic Reform) သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund) ထူထောင်နိုင်ရန် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
ပင်စင်ဆိုင်ရာစာရွက်စာတမ်းနှင့် မှတ်တမ်းများသည် အငြိမ်းစားဝန်ထမ်းများ အတွက် လွန်စွာအရေးကြီးသဖြင့် တိုးတက်လာသည့် ICT နည်းပညာကို အသုံးပြု၍ မှတ်တမ်းထိန်းခြင်းစနစ် (Record Keeping System) ကို စနစ်တကျဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် ပင်စင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို သေချာစွာလေ့လာသင်ယူ မှတ်သားပြီး လုပ်ငန်းကျွမ်းကျင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ယခုသတင်တန်းသို့ ပင်စင်ဦးစီးဌာနအောက်ရှိ ရုံးများမှ အရာထမ်း၊ အမှုထမ်း (၆၀) ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်သည်။ ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်လုပ်ငန်းဆိုင်ရာ အထောက်အကူပြုသင်တန်းများကို လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ Online စနစ်ဖြင့်ပို့ချခြင်းဖြင့်လည်းကောင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
