ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်းဖွင့်ပွဲ တက်ရောက်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်းဖွင့်ပွဲ တက်ရောက် 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ 

        ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ၌ ပြုလုပ်သော လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ 

          ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတစ်ဝန်း လုံးရှိတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေသော နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ကြာင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဒုတိယဦးတည်ချက်ဖြစ်သည့်  “နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက် ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူ တို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင်တင်ရေး” အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်အနေ ဖြင့် အရေးကြီးသောအခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင် ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်ကောင်းပြီး အရည်အသွေးပြည့်ဝသည့်  ဘဏ်ဝန်ထမ်းကောင်း များကို စဉ်ဆက်မပြတ်လေ့ကျင့်မွေးမြူကြရန်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ဘဏ်လုပ်ငန်း ဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ရုံးစာရေးသားနည်းဘာသာရပ်နှင့် ဘဏ်လုပ်ငန်းသုံးကွန်ပျူတာ လက်တွေ့ဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့လာကြရန် ဖြစ်ကြောင်းနှင့် ဌာနနှင့် နိုင်ငံတော်အတွက် အားထားရသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပါသည်။

          မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်‌ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်း အမှတ် စဉ် (၃) သို့ သင်တန်းသားအရာထမ်း (၃၀) ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ (၁) လ ကြာမြင့်မည်ဖြစ်ပါသည်။

        ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရုံးချုပ်) တို့၏ လုပ်ငန်းဆောင် ရွက်မှုများနှင့် လသာလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး အကြီးစား ပြင်ဆင်မှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများကို စနစ်တကျ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ကြရန်၊ ရုံးများ သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်သတိပြုရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။