MSME ရန်ပုံငွေထူထောင်ထားရှိမှု ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက် ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲ
MSME ရန်ပုံငွေထူထောင်ထားရှိမှု ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက် ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁၇
MSME ရန်ပုံငွေထူထောင်ထားရှိမှု ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှု အခြေအနေနှင့် ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေး နွေးပွဲကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်စီမံခန့်ခွဲရေးရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ MSME ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိ သူများနှင့် MSME လုပ်ငန်းရှင်များတက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် MSME ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေ ကျပ် (၁၇၀) ဘီလီယံကို ထူထောင်ထား ရှိပြီး၊ ယင်းမတည်ထောက်ပံ့ငွေအနက် ကျပ် (၂၀) ဘီလီယံကို MSME ဖွံ့ဖြိုးတိုးတက်ရေးအကူ အညီ အထောက်အပံ့အဖြစ်လည်းကောင်း၊ ကျပ် (၁၅၀) ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရေးအတွက် လည်းကောင်း သုံးစွဲရန်လျာထားကြောင်း၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ပြီး MSME လုပ်ငန်းရှင်များမှ ချေးငွေကို နိုင်ငံပိုင်ဘဏ်များဖြစ် ကြသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်တွင် ချေးငွေများ လျှောက်ထားနိုင်ကြောင်းကို အသိပေးကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို အကောင် အထည်ဖော်ရန် ဆီစက်များတပ်ဆင်ထုတ်လုပ်နိုင်ရေးနှင့် လက်ရှိဆီစက်များ တိုးချဲ့အဆင့်မြှင့် တင်ရေးအတွက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငေွ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငေွအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် (၅၀) ဘီလီယံကို မတည်ပေးခဲ့ကြောင်း ၊ လက်ရှိအချိန်ထိ ချေးငွေစံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ MSME လုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမတည်ငွေရရှိရေးအတွက် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ MSME ချေးငွေနှင့်စပ်လျဉ်း၍ ခရိုင်အဆင့်ချေးငွေစိစစ်ရေးအဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေစိစစ်ရေး အဖွဲ့ဝင်များအနေဖြင့် ချေးငွေထုတ်ချေးမှု လုပ်ငန်းစဉ်များအား အသေးစိတ်သိရှိနားလည်ပြီး ကြန့်ကြာမှုမရှိစေရေးနှင့် MSME လုပ်ငန်းရှင် များ ချေးငွေရရှိရေးအတွက် အထောက်အကူရရှိအောင် ပံ့ပိုးဆောင်ရွက်ပေးရန်လည်းလိုအပ် ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် MSME ချေးငွေနှင့် ဆီစက်ချေးငွေထုတ်ချေးသည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေလျှောက် ထားမှု၊ အစစ်ဆေးခံမှုများကို ဘဏ်၏လုပ်ထုံးလုပ်နည်းများ၊ ချေးငွေညွှန်ကြားချက်များနှင့်အညီ အဆိုပြုချေးငွေလျှောက်ထား ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက MSME ရန်ပုံငွေ ထူထောင် ထားရှိမှု၊ ချေးငွေလျှောက်ထားရမည့် လုပ်ငန်းစဉ်နှင့် ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီး MSME ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌမှ MSME ချေးငွေလျှောက်ထားမှု များအား စိစစ်ထုတ်ချေးမှုနှင့် ဆီစက်ချေးငွေထုတ်ချေးမှုများအားရှင်းလင်းတင်ပြကြပါသည်။
ယင်းနောက် တက်ရောက်လာကြသည့် MSME ဆီစက်နှင့် ဆန်စက်လုပ်ငန်းရှင်များမှ သိရှိ လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရှင်းလင်းဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
